ဆရာဝန်ယောင်ဆောင်သည့် လူလိမ်ကြီးအားချောင်းသာတွင်ဖမ်းမိ

ဓါတ်ပုံတွင်ဖော်ပြထားသူသည် ၂၉/၆/၂၀၁၉ နေ့လည်(၁း၀၀)နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာတိုက်နယ်ဆေးရုံသို့ လာရောက်ပြီး ၎င်းသည် ဒေါက်တာဘုန်းမြတ်မင်း (ဆမ-၅၉၃၃၅) ဖြစ်ပြီး ၂၀၁၄ အတန်း/ ဆေးတက္ကသိုလ်-၁ မှဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း ဉက္ကဌ ‌ဒေါက်တာဦးအက်စ်ကျော်လှ၏ ခွင့်ပြုချက်ဖြင့် တိုက်နယ်ဆရာဝန် အလုပ်များအား ခေတ္တရပ်နား၍ တစ်နိုင်ငံလုံးရှိ ဆေးရုံများသို့ လှည်ပတ်သွားရောက်ပြီး လိုအပ်သောဆေးဝါးများ၊ ဆေးပစ္စည်းများ၊ စက်ပစ္စည်းများနှင့် လူနာတင်ယာဉ်များအားထောက်ပံ့လှုဒါန်းပေးနေသော NGO အဖွဲ့အစည်းမှဖြစ်ကြောင်း၊ ချောင်းသာဆေးရုံတွင်လည်း လိုအပ်သောပစ္စည်းများ၊ အ‌ရေးပေါ်လူနာတင် ယာဉ်များ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊

၎င်း၏ ဖခင်မှာ အောင်သီရိရုပ်ရုင်ထုတ်လုပ်ရေးမှ ဦးဇော်ထွန်းဖြစ်ပြီး အဖြူရောင်လူငယ်များပရဟိတကွန်ရက် ကိုလည်း ကိုယ်ပိုင်ထူထောင်ထားကြောင်း၊ အာရှတော်ဝင်ဆေးရုံမှ သမားတော်ကြီးဒေါက်တာဇော်သန်းထွန်းမှာ ၎င်း၏ဆရာအရင်းဖြစ်ပြီး ဆရာကြီးမှ တိုက်နယ်ဆေးရုံများသို့ရောက်လျှင် နေစရာအခန်းတောင်းပြီး နေရန်နှင့် ၎င်းတိုက်နယ်ဆေးရုံအား Volunteer ဆရာဝန်အဖြစ် ကူညီလုပ်ဆောင်ပေးရန်မှာကြားထားကြောင်း၊ ရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံကြီးမှ ဒေါက်တာသီတာဝင်းသည် ၎င်း၏ NGO အထက်အရာရှိဖြစ်ကြောင်း လာရောက်ပြောဆိုမိတ်ဆက်ပါသည်။

၃၀/၆/၂၀၁၉ နေ့လည် ၁၂နာရီတွင် ချောင်းသာမြို့ ရွှေဧည့်သည်တည်းခိုခန်းတွင် မိမိကိုယ်ကို လက်ထောက်ဆရာဝန်ဟုပြောဆိုပြီး မှတ်ပုံတင် မပေး၊ အခန်းခ မပေး၊ အစားအသောက်များ အကြွေးမှာစားပြီး တည်းခိုနေသည့် အထက်ပါလူအား သတင်းထပ်မံရရှိသဖြင့် ချောင်းသာနယ်မြေရဲစခန်းမှ စခန်းမှူးဦးဆောင်ပြီး၊ချောင်းသာမြို့ အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊

ဆေးရုံအထောက်အကူပြုကော်မတီအဖွဲ့ဝင်များမှ ဝိုင်းဝန်းစစ်ဆေးမေးမြန်းရာ ထိုသူသည် ပြီးခဲ့သော (၂)လခန့်က ချောင်းသာဟိုတယ်ဧရာဝတီသို့တည်းခိုခန်းခများ မရှင်းဘဲ ထွက်ပြေးသွားသော လူလိမ်ဖြစ်နေခြင်း၊ ယခုအကြိမ်တွင်လည်း ဆေးရုံနှင့် ဟိုတယ်များ၊ တည်းခိုခန်းများ၊ သုံးဘီးဆရာများ၊ ငါးအကင်ဈေးသည်များအား လက်ထောက်ဆရာဝန်ဟု လိမ်လည်ပြောဆိုပြီး ငွေမရှင်းဘဲစားသောက်နေထိုင်နေသော လူလိမ်ဖြစ်နေခြင်း၊ ၎င်းတို့ NGO သည် ဆေးဝါးများ အမြဲပြတ်လပ်နေသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအား နောက်ကွယ်မှ အားလုံးထောက်ပံ့နေရသည်ဟု လိမ်လည်ပြောဆိုနေခြင်း၊ သမားတော်ကြီးများ၊ ဆရာဝန်များ၊ ရဲမှူးကြီးများ၏ နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်တို့အားရွတ်ပြပြီး ဝိုင်းဝန်းစစ်ဆေးသည့်အဖွဲ့အား လိမ်လည်နေသည်မှာ ထင်ရှားခြင်း ၊ ၎င်းသည် ပြင်ဦးလွင်မြို့တွင်လည်း ဆရာဝန်ဟန်ဆောင်၍ လိမ်လည်ခဲ့ဖူးသည့် ဓါတ်ပုံနှင့်စာမှတ်တမ်းသက်သေများအား ဖေ့ဘွတ်(မေမြို့ဟစ်တိုင်) တွင်တွေ့ရှိရခြင်းတို့ကြောင့် ချောင်းသာနယ်မြေရဲစခန်းမှ (၁/၇/၂၀၁၉)တွင် အမှုဖွင့် အရေးယူထားပါကြောင်း သတင်းတင်ပြအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *