အများစိတ်ဝင်စားနေသည့် နေပြည်တော် သက်ငယ်မုဒိမ်းမှုမှ ကျူးလွန်သူမှာ ယာဉ်မောင်း အောင်ကျော်မျိုး (ခေါ်) အောင်ကြီးဖြစ်ကြောင်း ခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ပြောကြား

နေပြည်တော် ပုဂ္ဂလိကမူကြိုကျောင်းတစ်ခုမှာ ကျောင်းတက်နေသည့် အသက် ၂နှစ် နှင့် ၁၁လအရွယ် မိန်းကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်ပြီး မော်တော်ယာဉ်မောင်းဖြစ်သူ အောင်ကျော်မိုး( အသက် ၃၀ နှစ်) အား ဒက္ခိဏခရိုင်တရားရုံးတွင် ယနေ့ ဇူလိုင် ၄ ရက်တွင် တရားစွဲတင်လိုက်ပြီ ဖြစ်သည်။

လူမှုကွန်ရက် စာမျက်နှာများတွင် တောင်းဆိုမှုများ ပြုလုပ်လျက်ရှိသည့် နေပြည်တော် သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်ပြီး နေပြည်တော် Wisdom Hill ကျောင်းမှ ယာဉ်မောင်းအား ပုဒ်မ ၃၇၆ ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ ယနေ့ (ဇူလိုင် ၄ ရက်) တွင် စတင်တရားစွဲခဲ့ကြောင်း ခရိုင်တရားရုံး ပြန်ကြားရေး အရာရှိက ပြောကြားသည်။

ယာဉ်မောင်း အောင်ကျော်မျိုး (ခေါ်) အောင်ကြီးအား စစ်ဆေးမှုများအရ ယင်းသို့ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးအရာရှိက မီဒီယာများနှင့် တွေ့ဆုံ၍ ပြောကြားသည်။

လက်ရှိတွင် တရားစွဲဆိုခံရသူမှာ ယခင်က ပြန်လွှတ်ပေးခဲ့သူ ဟုတ် မဟုတ်နှင့် ပတ်သက်ပြီး မေးမြန်းမှုအပေါ် စစ်ဆေးရမည် ဖြစ်သောကြောင့် အတည်ပြုနိုင်ခြင်း မရှိကြောင်း ခရိုင်ပြန်ကြားရေး အရာရှိက ဆက်လက် ပြောကြားသည်။

နေပြည်တော် သပြေကုန်းရှိ Wisdom Hill မူကြိုကျောင်းမှ မိန်းကလေးငယ်တစ်ဦး လိင်အကြမ်းဖက်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မိန်းကလေးငယ်၏ မိသားစုက မေ ၁၇ ရက်တွင် ဇမ္ဗူသီရိမြို့နယ် မြို့မရဲစန်း၌ အမှုဖွင့်ခဲ့ပြီး CID က လွှဲပြောင်းရယူ စစ်ဆေးနေခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အမှုအတွက် သံသယရှိ၍ ဖမ်းဆီး စစ်ဆေးနေသည့် အမျိုးသားအား တစ်လခန့် ကြာမြင့်ချိန်တွင် မှုခင်းရဲတပ်ဖွဲ့ (CID) က ဇွန် ၂၄ ရက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဇွန် ၂၈ ရက်က နေပြည်တော်ရှိ Hilton ဟိုတယ်၌ ပြုလုပ်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ ရှင်းလင်းခြင်း အလုပ်ရုံဆွေးနွေးပွဲ ခေတ္တရပ်နားချိန်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီး မင်းဟန်က ပြောကြားထားသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး နိုင်ငံတော် အကြီးအကဲများမှ အမှုမှန်ပေါ်ပေါက်စေရန် နှုတ်ဖြင့် ညွှန်ကြားထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားထားသည်။

အသက် နှစ်နှစ်နှင့် ၁၁ လသာရှိသေးသည့် ကလေးငယ်အား ကျူးလွန်ခဲ့သူအား တစ်လကျော်ကြာအောင် ဖမ်းဆီးစစ်ဆေးခြင်း မပြုနိုင်သဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

credit Eleven Media Group

Leave a Reply

Your email address will not be published. Required fields are marked *