ကချင်ပြည်နယ် လွယ်ဂျယ်မြို့မှာ နှစ်နှစ်ကျော် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ

မိခင်အလုပ်လုပ်တဲ့ ဆိုင်က ဆိုင်ရှင်အမျိုးသားရဲ့ အနိုင်ကျင့်စော်ကားခံခဲ့ရတဲ့ သမီးလေးဟာလက်ရှိမှာ ဆေးကုသမှုခံယူလျှက်ရှိပြီး တရားခံဆိုင်ရှင်အမျိုးသားကိုတော့ လွယ်ဂျယ်ရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ ဒီဖြစ်စဉ်မှာ ပါဝင်ကူညီပေးနေသူတစ်ဦးကပြောပါတယ်။

ဗန်းမော်မြို့မှ လွယ်ဂျယ်မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်မှာလာရောက်အလုပ်လုပ်ကိုင်နေတဲ့ အသက် ၃၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးက သူ့ရဲ့ ၂ နှစ်နဲ့ ၃ လအရွယ် သမီးလေး အဓမ္မကျင့်ခံရတယ်ဆိုပြီး လွယ်ဂျယ်မြို့နယ် ရဲစခန်းမြို့ကို လာရောက်တိုင်ကြားမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်ကိုကူညီဆောင်ရွက်ပေးနေတဲ့ သူတစ်ဦးက

“ တရားလိုအမျိုးသမီးက အိမ်ထောင်နဲ့ ကွဲနေတာ။ သမီးလေး အဓမ္မအကျင့်ခံရတာက ဇူလိုင်(၂၅)ရက်နေ့ကဖြစ်တာ။ ခုဖြစ်စဉ်ကလည်း ချက်ချင်းမသိရတာက ကလေးရဲ့ဒဏ်ရာတွေကလည်း ရက်ကြာလာတော့မှ ညိုမဲဒဏ်ရာတွေပေါ်လို့ သိတာ။ မနေ့ကသိသိချင်းကလေးကိုဆေးရုံမှာ ဆေးစစ်ချက်တွေယူတယ်။ ကလေးရဲ့ မိန်းမကိုယ်ကလည်းတော်တော်လေးပျက်စီးသွားတော့ ဆေးခန်းတော့ ပြနေရတယ်။ မိခင်ကလည်းရိုးသားပြီး နားမလည်တော့ ကျွန်တော်တို့အကုန်လိုက်ပြီးတော့ ဆောင်ရွက်ပေးနေတယ်။တရားခံကိုလည်းဖမ်းထားပြီ” လို့ ဇူလိုင်လ(၃၀)ရက်နေ့က ဒီဖြစ်စဉ်မှာ ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက Duwun ကိုပြောပါတယ်။

ဖြစ်စဉ်အသေးစိတ်မှာ ကလေးငယ်နဲ့ ကလေးငယ်ရဲ့မိခင်တို့ဟာ

လွန်ခဲ့တဲ့ (၂)လလောက်က အဆိုပါ စားသောက်ဆိုင်မှာ အလုပ်လုပ်ရင်း နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ စားသောက်ဆိုင်မှာ သူတို့သားမိက ဆိုင်ရှင်ဇနီးမောင်နှံနှစ်ဦးနဲ့အတူ နေထိုင်ရပြီး စားသောက်ဆိုင်က ကာရာအိုကေဆိုင်နဲ့ တွဲဖွင့်ထားတာကြောင့် အလုပ်ကို ညဥ့်နက်တဲ့အချိန်အထိ လုပ်ကိုင်ရတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့ ည ၁၂ နာရီခန့်က အဲဒီအမျိုးသမီးဟာ ဆိုင်အောက်ထပ်မှာ အလုပ်လုပ်နေစဉ် ဆိုင်အပေါ်ထပ်မှာသိပ်ထားတဲ့ သမီးလေးရဲ့စူးစူးဝါးဝါးငိုသံကိုကြားရတဲ့အတွက် အပေါ်ထပ်ကိုတက်ကြည့်တဲ့အခါမှာ လှေကားမှာတင် ဆိုင်ပိုင်ရှင် အသက်(၃၀) ကျော်အရွယ် ကိုကျော်စွာနဲ့တွေ့ပေမယ့် သံသယစိတ်မဝင်မိဘဲ သမီးလေးကို ပြန်ချော့သိပ်ပြီး အလုပ်ပြန်လုပ်ခဲ့တယ်လို့ဆိုပါတယ်။

ဇူလိုင်လ(၂၈)ရက်နေ့မှာတော့ သမီးလေးရဲ့ဘယ်ဘက်ရင်ဘတ်နေရာမှာ ညိုမဲဒဏ်ရာ၊ ညာဘက်ရင်ညွန့်အောက်မှာ ညိုမဲဒဏ်ရာနဲ့အတူ သမီးလေး မိန်းမကိုယ်က ဖူးရောင်နေတာကို မိခင်ကတွေ့ရှိခဲ့ပြီး ပတ်ဝန်းကျင်ကလူတွေကို အသိပေးခဲ့တယ်လို့ သိရပါတယ်။ သမီးလေးကအရင်ဆို ဆိုင်ရှင်အမျိုးသားကခေါ်ရင် လိုက်ပြီးဆော့လေ့ရှိပေမယ့် မနေ့က ဇူလိုင်လ(၂၉)ရက်နေ့မှာတော့ ဆိုင်ရှင် ကိုကျော်စွာက သမီးလေးကိုခေါ်တော့ သမီးလေက အတင်းငိုယိုပြီး မလိုက်ဘူး ငြင်းဆန်နေတော့မှ မိခင်ကရိပ်မိကာ သမီးလေးကိုမေးတော့ ဆိုင်ရှင်အမျိုးသားက သမီးလေးကိုအနိုင်ကျင့်စော်ကားထားတာကို သိလိုက်ရတာလို့ ဖြစ်စဉ်မှာကူညီဆောင်ရွက်ပေးနေသူ တစ်ဦးရဲ့ပြောပြချက်အရသိရပါတယ်။

မနေ့ (ဇူလိုင်လ ၂၉ ရက်) က သိသိချင်းမှာပဲ မိခင်က သိနားလည်တဲ့သူတွေကိုအကူအညီတောင်းခဲ့ပြီး ဆိုင်ရှင်ကိုကျော်စွာကို လွယ်ဂျယ်ရဲစခန်းမှာ လာရောက်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

သက်ငယ်မုဒိမ်းအများစုဟာ များသောအားဖြင့် ကလေးနဲ့ရင်းနှီးတဲ့သူတွေထဲကကျူးလွန်တာကိုအများဆုံးတွေ့ရပါတယ်။ ဒီဖြစ်စဉ်မှာဆိုရင်လည်း တရားခံဟာ အနိုင်ကျင့်ခံရတဲ့သမီးလေးနဲ့ အရင်က ရင်းရင်းနှီးနှီးဆော့ကစားလေ့ရှိတဲ့သူတစ်ဦးပါ။ လွယ်ဂျယ်မြို့ဟာနယ်မြို့လေးတစ်မြို့ဖြစ်တဲ့အတွက် အခုလိုကြီးမားတဲ့သက်ငယ်မုဒိမ်းမှုမျိုးကို ပြီးပြတ်အောင်မဆောင်ရွက်နိုင်တာကြောင့် မိုးမောက်မြို့နယ်တရားရုံးကနေ ဗန်းမော်ခရိုင်တရားရုံးကို အမှုလွှဲပြောင်းပြီး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *