ဒေါက်တာလီဝမ်လျန်ရဲ့ ကျန်ရစ်သူ မိသားစုကို ပြန်တောင်းပန်ရတော့မယ့် ဝူဟန်ရဲစခန်း

ပြည်သူတွေကို ဗိုင်းရပ်စ်အကြောင်း စောစောစီးစီး သတိပေးဖို့ ကြိုးစားခဲ့တဲ့ ဆရာဝန်အပေါ် ခြိမ်းခြောက် ပိတ်ပင်ခဲ့တဲ့ ရဲဌာန တာဝန်ရှိသူတွေကို အမှားအတွက် ဝန်ချ တောင်းပန်ဖို့ တရုတ် အစိုးရက ညွှန်ကြားလိုက်ပါတယ်။

ဝူဟန်မြို့က မျက်စိဆရာဝန် ဒေါက်တာ လီဝမ်လျန်ဟာ Covid-19 ကူးစက်မြန် အဆုတ်ရောဂါအကြောင်း လူတွေ အာရုံ မစိုက်မိခင် ကတည်းက သတိပေးဖို့ ကြိုးစားခဲ့သူပါ။ သူ့ကို နိုင်ငံတကာ မီဒီယာတွေက ဝူဟန်မြို့က အမှန်တရား ဖော် ထုတ်သူ ဆေးပညာရှင်လို့ ညွှန်းဆိုကြပါတယ်။ ဒေါက်တာလီဟာ Covid-19အကြောင်း လူသိရှင်ကြား ဖြစ်မလာခင် အစောပိုင်း ကာလတွေ ကတည်းက ကြိုတင် သတိပေးဖို့ အားထုတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့သူပါ။

ဝူဟန်မှာ ဆားစ်ရောဂါ လက္ခဏာနဲ့ ဆင်တူပြီး အသက်ရှူ လမ်းကြောင်းကို ထိခိုက် ပျက်စီးစေတဲ့ အမျိုးအမည်မသိ ဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံ့နေကြောင်း ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်မှာ ဒေါက်တာလီက သတိထားမိလာပါတယ်။ သူဖတ်ရှု လေ့လာခဲ့တဲ့ လူနာ မှတ်တမ်းတွေမှာ အနည်းဆုံး ၇ ဦးလောက်က ဒီဗိုင်းရပ်စ် တိုက်ခိုက်တာ ခံစားနေရမှန်း ဒေါက်တာ လီ တိုက်ဆိုင် စစ်ဆေးနိုင်ခဲ့ပါတယ်။ ပြီးတော့ ဖြစ်ရပ် အားလုံးလိုလိုက မြို့ထဲက သားစိမ်းငါးစိမ်း စျေးတန်းတစ်ခုနဲ့ ဆက်စပ်နေတာကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဒါကြောင့် သူဟာ လုပ်ဖော်ကိုင်ဖက် ဆေးပညာတွေ စုစည်းထားတဲ့ WeChat Groupထဲမှာ အဲဒီအကြောင်းကို သတိ ပေး ရေးသားခဲ့ပါတယ်။ အမျိုးအမည်မသိတဲ့ ဗိုင်းရပ်စ်တစ်မျိုးဟာ ဝူဟန်မြို့ထဲမှာ စတင်ပျံ့နှံ့နေပြီလို့ ယူဆရကြောင်း ဒေါက်တာလီက ကျောင်းနေဖက်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို အသိပေးခဲ့တယ်။ အားလုံး သတိထားကြဖို့၊ ကိုယ့်ကိုယ် ကိုယ် ထိထိရောက်ရောက် ကာကွယ်ကြဖို့လည်း နှိုးဆော်ခဲ့တယ်။

အကျိုးဆက်ကတော့ ဝူဟန်မြို့ထဲမှာရှိတဲ့ ဇောင်နန်လူ ရဲစခန်းက ချက်ချင်းလိုလို သူ့ကို ဆင့်ခေါ်ပြီး စစ်ဆေး မေးမြန်း တော့တာပါပဲ။ ဒေါက်တာလီဟာ လူအများ အထိတ်တလန့် ဖြစ်စေတဲ့ ကောလာဟာလ သတင်းမှားတွေ ဖြန့်ဝေနေပါ တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ ဒါမျိုး နောက်မလုပ်တော့ပါဘူးဆိုတဲ့ ခံဝန်ချက်ကိုလည်း ရဲစခန်းမှာ လက်မှတ် ရေးထိုးခဲ့ ရပါတယ်။ ဒါကြောင့်လည်း သူဟာ ဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ နောက်ထပ် ဘာမှ သတိမပေးရဲတော့ဘဲ နှုတ်ဆိတ်နေ ခဲ့ရပါတယ်။

ရက်ပိုင်းလောက် အတွင်းမှာပဲ ဝူဟန်မှာ ကူးစက်မှုတွေ တရိပ်ရိပ် တိုးပွားလာပြီး လူတွေ အတုံးအရုံး သေဆုံးကုန်တယ်။ ဇန်နဝါရီ လလယ်လောက်မှာ ဒေါက်တာလီ ကိုယ်တိုင်လည်း ရောဂါကူးစက် ခံရပြီး ဆေးရုံ တက်ခဲ့ရပါတယ်။ ဆေးရုံ ရောက်နေတဲ့ အချိန်ကျမှ သူက ဖြစ်ကြောင်းကုန်စင် ဖွင့်ချခဲ့သလို ခံဝန်ချက် လက်မှတ်ရေးထိုးခဲ့ရတဲ့ စာကိုလည်း လူသိ ရှင်ကြား ထုတ်ပြခဲ့ပါတယ်။ တကယ်လို့ အာဏာပိုင်တွေသာ သူသတိပေးတာကို စောစောစီးစီး အာရုံစိုက်ပြီး ကြပ်မတ် ထိန်းသိမ်းခဲ့မယ်ဆိုရင် ဗိုင်းရပ်စ် ပြဿနာဟာ အခုလောက် ကျယ်ပြန့်လာမှာ မဟုတ်ဘူးလို့လည်း ညည်းတွားခဲ့ ပါ တယ်။

ဖေဖော်ဝါရီ ၇ ရက်မှာတော့ ဒေါက်တာလီကိုယ်တိုင် Covid-19 ရောဂါ ဖိစီးမှုကြောင့် အသက် ၃၄ နှစ် အရွယ်မှာ ကွယ် လွန်ခဲ့ရှာပါတယ်။ သူကွယ်လွန်ချိန်မှာ ကိုယ်ဝန်ဆောင် ဇနီးနဲ့ ကလေးတစ်ယောက် ကျန်ခဲ့တယ်။ သူ့အလောင်းကို မီး သင်္ဂြိုဟ်ချိန်မှာ မိဘနှစ်ပါးကိုပဲ သွားရောက် နှုတ်ဆက်ခွင့် ပေးခဲ့ပါတယ်။ ဒေါက်တာလီရဲ့ မိဘတွေကလည်း သားဆီက နေ ဗိုင်းရပ်စ် ဆင့်ပွား ကူးစက်တာ ခံထားခဲ့ရပါတယ်။

ဒေါက်တာလီရဲ့ အကြောင်းကို ကြားသိရတဲ့ အခါမှာ တရုတ်တစ်နိုင်ငံလုံး စိတ်မကောင်း ဖြစ်ခဲ့ကြပါတယ်။ ဒေသဆိုင် ရာ အာဏာပိုင်တွေရဲ့ နိုင်လိုမင်းထက် ဖိနှိပ်မှုကို ဒေါသထွက်ခဲ့ကြတယ်။ ဒေါက်တာလီဟာ ပြည်သူလူထု အမြင်မှာ သူရဲ ကောင်းတစ်ယောက် ဖြစ်လာပြီး သူကွယ်လွန်တဲ့အခါ ယူကြုံးမရ ခံစားခဲ့ကြရပါတယ်။ သူကွယ်လွန်တဲ့ သတင်းကို တရားဝင် ထုတ်ပြန်ပြီး ၅ နာရီ အကြာမှာပဲ တရုတ် အစိုးရက ဒေါက်တာလီကို ဒေသခံ ရဲတပ်ဖွဲ့က ဘယ်လိုဘယ်ပုံ ဆက် ဆံခဲ့သလဲ ဆိုတာနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုအပြည့် စုံစမ်းသွားပါမယ်လို့ ကြေညာခဲ့ပါတယ်။

မတ်လ ၁၉ ရက်မှာတော့ တရုတ် အမျိုးသား စီမံကွပ်ကဲရေး ကော်မရှင်က ဒေါက်တာလီရဲ့ ဖြစ်ရပ်မှာ ရဲဌာန တာဝန်ရှိ သူတွေက မမှန်ကန်တဲ့ နည်းလမ်းတွေနဲ့ စီမံ ကိုင်တွယ်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအမှားအတွက် ဒေါက်တာလီရဲ့ ကျန်ရစ်သူ မိသားစုကို အမြန်ဆုံး တရားဝင် ဝန်ချ တောင်းပန်ဖို့လည်း ဇောင်နန်လူ ရဲစခန်းကို ညွှန်ကြားထားလိုက်ပါ တယ်။

ဒေါက်တာလီ ကြုံတွေ့ခဲ့တဲ့ အခြေအနေတွေဟာ တရုတ်မှာ လွတ်လပ်စွာ ဖော်ထုတ်ခွင့်နဲ့ ပတ်သက်လို့ လှုပ်ရှား တောင်း ဆိုမှုတွေအတွက် တွန်းအားတစ်ခု ဖြစ်ခဲ့ပါတယ်။ ဝူဟန်မြို့ အာဏာပိုင်တွေသာ ဒေါက်တာလီရဲ့ အစောပိုင်း တွေ့ရှိမှု သတင်း အချက်အလက်တွေကို ဖိနှိပ် ဖုံးကွယ်တာမျိုး မရှိခဲ့ရင် နောက်ထပ် လူ့အသက်ပေါင်း ဘယ်လောက်များများကို ကယ်ဆယ်နိုင်ခဲ့မလဲ ဆိုတာကတော့ လူတိုင်း သိချင်ကြပေမယ့် အဖြေမရှိတော့တဲ့ မေးခွန်းတစ်ခု အနေနဲ့ပဲ ကျန်နေ တော့မှာပါ။

လက်ရှိ အချိန်ထိ ကမ္ဘာ့နိုင်ငံနဲ့ နယ်မြေ စုစုပေါင်း ၁၆၀ နီးပါးမှာ လူပေါင်း ၂၂၅၀၀၀ ကျော်ထိ Covid-19 ရောဂါ ကူး စက်ခံထားရပြီး သေဆုံးသူ ၉၃၀၀ နီးပါးထိ များပြားလာပြီ ဖြစ်ပါတယ်။

Photo – Twitter

Credit; 7 Day News Journal

Leave a Reply

Your email address will not be published. Required fields are marked *