လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ARSA အကြမ်းဖက်အဖွဲ့တို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် တိုက်ပွဲဖြစ်ပွား (ဗွီဒီယိုဖိုင်ကြည့်ရန်)

နယ်စပ်လုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ARSA ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့တို့ ဇွန် ၄ ရက် ညနေပိုင်းတွင် မောင်တောမြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ဖြစ်စဉ်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းတစ်လျှောက် လုံခြုံရေး ဆောင်ရွက်နေသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ဇွန် ၄ ရက် ညနေ ၄ နာရီခွဲခန့်တွင် နယ်စပ်မှတ်တိုင်အမှတ် ဘီပီ-၃၄ နှင့် ဘီပီ-၃၅ အကြားသို့ အရောက်၌ ARSA ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် မီးဒိုက်ကျေးရွာဘက်မှ နယ်စပ်ခြံစည်းရိုးဘက်သို့ ထွက်ခွာလာသည့် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့ ၂၅ ဦးခန့်တို့ ညနေ ၄ နာရီခွဲခန့်မှ ညနေ ၅ နာရီအထိ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြပြီးနောက် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားများသည် အရှေ့တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

အဆိုပါဖြစ်စဉ်တွင် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ထံမှ ပြောက်ကျားယူနီဖောင်းဝတ် အလောင်းနှစ်လောင်းကို ၎င်းတို့ကိုင်ဆောင်သည့် သေနတ်နှစ်လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ သိမ်း ဆည်းရမိခဲ့ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးတို့အတွက် ရခိုင်ပြည်နယ်အတွင်းနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်း တစ်လျှောက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ARSA အကြမ်းဖက်အဖွဲ့မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လှုပ်ရှားနေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မကြာခဏ တိုက်ပွဲများဖြစ်ပွားနေသည့် အဖွဲ့တစ်ခုဖြစ်သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် AA အဖွဲ့နှင့်လည်း တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

Credit; Eleven Media Group

Leave a Reply

Your email address will not be published. Required fields are marked *