စစ်တွေ၊ အမြင့်ကျွန်းကျေးရွာတွင် လက်နက်ကြီးထိမှန်၍ အသက် ၉၀ ကျော် အဘွားအိုသေဆုံးပြီး ရဲစခန်းမှူး ၁ ဦးအပါအဝင် ၅ ဦးဒဏ်ရာရ (ဗွီဒီယိုဖိုင်ကြည့်ရန်)

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာတွင် ယနေ့ နံနက် အစောပိုင်းက လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် ကျည်ထိမှန်၍ အသက် ၉၀ ကျော် အဘွားအိုတစ်ဦး သေဆုံးပြီး ရဲစခန်းမှူး တစ်ဦး အပါအဝင် ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဇွန် ၁၀ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်တွင် စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာနင့် မနီးမဝေးတွင်ရှိသော မင်းချောင်းတံတားနားတွင် လက်နက်ကြီးသံများ ဆက်တိုက်ကြားရပြီးနောက်အမြင့်ကျွန်းမြစ်ကြောင်းတလျှောက်တက်လာသော စစ်သင်္ဘောက လက်နက်ကြီးများဖြင့် ရွာဘက်သို့ ပစ်ခတ်မှုများရှိခဲ့ကြောင်း အမြင့်ကျေးရွာသားများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုကြသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် ရွာသားများ၏ ပြောဆိုချက်ဖြစ်သော စစ်သင်္ဘောက လက်နက်ကြီးဖြင့် ရွာဘက်သို့ ပစ်ခတ်သည်ဆိုသော သတင်းနှင့်ပတ်သက်၍ မှန်ကန်မှု ရှိ၊ မရှိ မြေပြင်အခြေအနေကို အတည် ပြုနိုင်ခြင်းမရှိသည့်အပြင် တပ်မတော်ထံမှ အတည်ပြုချက်လည်း ရယူနိုင်ခြင်းမရှိပါ။

လက်နက်ကြီးထိမှန်၍ သေဆုံးသွားသော အဘွားအိုမှာ အသက်(၉၀) ကျော်အရွယ် ဒေါ်ဂျော်ဂျီမ ဖြစ်ပြီး ခန္ဒာကိုယ်နေရာအနှံ့ ဒဏ်ရာများနှင့် နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသူ ဒေါ်ဂျော်ဂျီမ၏ မိသားစုဝင် ဦးဦးသန်းမောင်က“လက်နက်ကြီးသံတွေကြားတော့ အိမ်ပေါ်မှာအိပ်နေကြတာကို အောက်ကိုဆင်းပြေးကြတယ်။ သမီး၊ မြေးတွေ ဆင်းပြေးကြပေမယ့် ကျနော် အဒေါ် အောက်ဆင်းတာနောက်ကျသွားတယ်။ လက်နက်ကြီးက အိမ်ကိုဖောက်ကျလာတယ်။ အဲ့ဒီမှာ အဒေါ်ကိုထိသွားတာ၊ နေရာမှာပွဲ ချင်းပြီးသေပါတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လက်နက်ကြီးထိမှန် ဒဏ်ရာရှိသူ ၅ ဦးမှာ ၇ တန်းကျောင်းသူ မနန္ဒာဝင်း ၁၄ နှစ် ၊ ဦးမောင်ကလိန် အသက် ၄၁ နှစ် ၊ အမြင့်ကျွန်းနယ်မြေရဲစခန်းမှူး ရဲအုပ်မျိုးသက်ထွန်း၊ ဒေါ်မဆန်းရီ (၄၃) နှစ်နှင့် ဒေါ်မိုးနုစိန် (၆ဝ) နှစ်တို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒဏ်ရာရရှိသော အမြင့်ကျွန်း နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ် မျိုးသက်ထွန်းသည် သူ၏ နေအိမ်အတွင်းထိုင်နေစဉ်အတွင်း လက်နက်ကြီးအစထိမှန်၍ ဝဲဖက်မျက်ခုံး၊ နှာခေါင်းတွင် မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့သည်ဟု စစ်တွေမြို့မရဲစခန်းမှရဲ အရာရှိတစ်ဦးက အတည်ပြုပြောဆိုသည်။

အမြင့်ကျွန်းကျေးရွာသားတဦးကမူ ” ကျနော်တို့ ဒီနေ့ မနက်ပိုင်းကသိရတာကတော့ နေဗီလာတာကို အမြင့်ကျွန်း တံတားပေါ်ကနေ အမြောက်နှင့် လှမ်းပစ်ခတ်တာလို့ သိရတယ်။ နေဗီ တစ်စီးက ပျက်စီးသွားတယ်။ တပ်မတော်သားသေဆုံးဒဏ်ရာရတဲ့ အခြေအနေကိုတော့ကျနော်တို့မသိဘူး။ ဒါပေမယ့် ရွာတဝိုက်မှာ နေဗီတွေရောက်နေတယ်။ ရွာကိုတော့ စစ်သားအများကြီး ရောက်နေတယ်” ဟု ပြောဆိုသည်။

လက်ရှိတွင် အမြင့်ကျေးရွာအနီးတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးတစ်လုံးရှိနေကြောင်း ဒေသခံကျေးရွာသားများ၏ အဆိုအရ သိရှိရသည်။

အမြင့်ကျွန်းကျေးရွာတွင်ဖြစ်ပွားသော ပစ်ခတ်မှုသတင်းများနှင့်ပတ်သက်ပြီး အနောက်ပိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရရှိပေ။

Credit; Khit Thit Media

Leave a Reply

Your email address will not be published. Required fields are marked *