#ဇေကမ္ဘာကုမ္ပဏီ အနေဖြင့် ကရဝိတ်တင်ဒါမရပါက လျော်ကြေးငွေ ကန်ဒေါ်လာ သန်း ၃၀ တောင်းမည်ဟုဆို

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်မည်သူမဆို ဝင်ပြိုင်နိုင်ကြောင်း အိတ်ဖွင့်တင်ဒါခေါ်ထားသည့် #ကရဝိတ်တင်ဒါ အား ဇေကမ္ဘာကုမ္ပဏီအနေဖြင့်မရခဲ့ပါက လျော်ကြေးငွေ ကန်ဒေါ်လာ သန်း ၃၀ တောင်းမည်ဟု ယင်းကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးဖြစ်သည့် ဦးရဲဝင်းရှိန်က Myanmar Harp ကိုပြောသည်။

“ဟိုတယ်၊ခရီးဝန်ကြီးဌာနကနေ တောင်းရင်လည်း တောင်းမယ်။ တင်ဒါရတဲ့ သူဆီကလည်း တောင်းရင်လည်းတောင်းမယ်။ နှစ်ဖက်စလုံးကနေလည်း တောင်းရင်လည်းတောင်းမယ်”ဟု ၎င်းကပြောသည်။

ထိုသို့တောင်းရခြင်းက ထုံးဖြူဖြူကရဝိတ်ကို ရွှေရောင်လွှမ်းသည့် ကရဝိတ်ဖြစ်အောင် ဇေကမ္ဘာက နှစ် ၂၀ကျော် ကြိုးစားခဲ့ရသည့်အတွက်ကြောင့်ဟု ဦးရဲဝင်းရှိန်က ဆက်ပြောသည်။

“အများကြီးဆောင်ရွက်ခဲ့ရတယ်။ ငွေတွေလည်း အများကြီး ကုန်ကျခဲ့ရတယ်”ဟု ဦးရဲဝင်းရှိန်က ဆိုသည်။

ဇေကမ္ဘာအနေဖြင့် တင်ဒါကိုဝင်ပြိုင်၊ မပြိုင် မဆုံးဖြတ်ရသေးကြောင်းလည်း ၎င်းက ပြောသည်။

#ဇေကမ္ဘာဦးခင်ရွှေ နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့်ရခဲ့သည့် ရန်ကုန်ကရဝိတ်ခန်းမနှင့်မြေနေရာကို ဟိုတယ်ခရီးဝန်ကြီးဌာနက ပြည်တွင်းလုပ်ငန်းရှင်မည်သူမဆိုရယူလုပ်ကိုင်နိုင်ရန် နိုင်ငံပိုင်သတင်းစာမှတဆင့် ဇွန်လ ၆ရက်နေ့က အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့သည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနပိုင် ရန်ကုန်မင်္ဂလာတောင်ညွှန့် ကန်တော်ကြီးဝင်းအတွင်းရှိ ကရဝိတ်ခန်းမနှင့်ဆက်စပ်လျှက်ရှိသည့် ယာဉ်ရပ်နားနေရာအပါ စုစုပေါင်း ၃.၄၅ဧကရှိ ကရဝိတ်ခန်းမကို အိတ်ဖွင့်တင်ဒါခေါ်လိုက်ခြင်းဖြစ်ကာ တင်ဒါပုံစံများကို ဇွန်လ ၈ရက်နေ့မှစကာ နေပြည်တော်ရှိ ဟိုတယ်ခရီးသွားလာရေးဝန်ကြီးဌာနရုံးတွင် စတင်ရောင်းချမည်ဟုဝန်ကြီးဌာနက ပြောဆိုထားကာ ဇူလိုင် ၈ ရက်နေ့တွင် တင်ဒါဖွင့်ဖောက်ကြေညာမည်ဟု သိရသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကောင်းထွဋ်က “ဦးခင်ရွှေအနေနဲ့ ဝန်ကြီးဌာနဘက်ကို ဘာမှအဆိုပြုထားတာ မရှိသေးဘူး။ ဒီလိုတောင်းလို့ရတယ်ဆိုတာလည်း စာချုပ်ထဲမှာ ဖော်ပြမထားဘူး”ဟု Myanmar Harp ကိုပြောသည်။

ဈေးပိုပေးသည့်သူက လုပ်ကိုင်ခွင့်ရရှိနိုင်မည်ဖြစ်ကာ ဦးခင်ရွှေ ပိုပေးလျှင် ဦးခင်ရွှေလုပ်ကိုင်ခွင့်ရမည်ဖြစ်ပြီး၊ ဦးခင်ရွှေထက် အခြားသူက ပိုပေးလျှင် အခြားသူရမည်ဟု ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကောင်းထွဋ်က ပြောဆိုထားပြီးဖြစ်သည်။

ယခုတင်ဒါနှင့်စပ်လျဉ်းပြီး ဇောကမ္ဘာကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးဖြစ်သူဦးရဲဝင်းရှိန်က ဇေကမ္ဘာကုမ္ပဏီအနေဖြင့် အဆိုပါနေရာကို နှစ်၂၀၊နောက်ထပ် ၅နှစ်စီဖြင့် သက်တမ်း ၂ကြိမ်တိုးခွင့် စုစုပေါင်း နှစ် ၃၀လုပ်ကိုင်ခွင့်ရထားသည့် နေရာဖြစ်ကာ ဟိုတယ်ခရီးဝန်ကြီးဌာနက နောက်ထပ်သက်တမ်းမတိုးပေးတော့ဘဲ တင်ဒါခေါ်လိုက်ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

“ဥပဒေအတိုင်းပဲ ဆက်လက်ဆောင်ရွက်ထားတာပါ။စာချုပ်တွေ ချုပ်ဆိုထားတာက နှစ် ၃၀ပါ။ဒါကို နှစ် ၂၀ပဲထားပြီး။နောက်ထပ် နှစ်မတိုးပေးတော့ပဲ တင်ဒါခေါ်လိုက်တာ။စာချုပ်ထဲမှာက နောက်ထပ် ၅နှစ်စီ သက်တမ်းတိုးပေးမည်လို့ ရေးသားထားပြီး ချုပ်ဆိုထားတာပါ”ဟု ဦးရဲဝင်းရှိန်က ဆိုထားသည်။

ဟိုတယ်ခရီးဝန်ကြီးဌာနက ငှားရမ်းထားသည့် နှစ် ၂၀ပြည့်သွားသည့်အတွက် နောက်ထပ် ငှားရမ်းနိုင်ရန် တင်ဒါခေါ်ခြင်းသာဖြစ်သည်ဟု ပြောဆိုထားသည်။

#နောင်နောင်/#MyanmarHarp

Leave a Reply

Your email address will not be published. Required fields are marked *