တရုတ်နိုင်ငံတောင်ပိုင်းတွင် မိုးသက်မုန်တိုင်းကျမှုနှင့် ရေကြီးမှုများကြောင့် လူပေါင်းဒါဇင်နှင့်ချီ သေဆုံး (ဗွီဒီယိုဖိုင်ကြည့်ရန်)

တရုတ်နိုင်ငံတောင်ပိုင်းတွင် ရေကြီးမှုများနှင့် မြေပြိုမှုများဖြစ်ပွားခြင်းကြောင့် လူသိန်းနှင့်ချီ အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ပြီး လူပေါင်းဒါဇင်နှင့်ချီ သေဆုံး သို့မဟုတ် ပျောက်ဆုံးနေကြောင်း ဆင်ဟွာသတင်းဌာနက ဇွန် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားနေချိန်အတွင်း ခရီးသွားလာမှုကို လပေါင်းများစွာကြာ ပိတ်ပင်ကန့်သတ်ထားခြင်းကြောင့် ခရီးသွားအများ အပြားလာရောက်သော တရုတ်တောင်ပိုင်းဒေသတွင် စီးပွားရေးထိခိုက်ခဲ့ပြီးနောက် ဆိုးရွားသောရာသီဥတုအခြေအနေကလည်း ယင်းဒေသ၌ ကြီးကြီးမားမားပျက် စီးမှုဆုံးရှုံးများကို ဖြစ်ပွားစေခဲ့သည်။ADVERTISING

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုများနှင့်မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူ ၂၃၀၀၀၀ နီးပါး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး အိမ်ခြေ ၁၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနကို ကိုးကားလျက် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်တောင်ပိုင်း ကွမ်ရှီးကျန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လူခြောက်ဦးသေဆုံးခဲ့ပြီး လူတစ်ဦး ပျောက်ဆုံးနေသည်ဟု ဆင်ဟွာက ဆိုသည်။

ခရီးသွားအများအပြားလာရောက်ရာ ယန်ရှိုးကောင်တီရှိ လမ်းများတွင် ရေဖုံးလွှမ်းလျက်ရှိပြီး ဒေသခံများနှင့်ခရီးသွားများအား ၀ါးဖောင်များပေါ်တွင် တင်ဆောင်၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေရသည်။

ဟိုတယ်အဆောက်အအုံ ၁၀၀၀ ကျော် ရေနစ်မြုပ်သွားခဲ့ပြီး ခရီးသွားများ လည်ပတ်ရာနေရာ ၃၀ ကျော် ပျက်စီးခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဟိုတယ်အတွင်းရှိ အိပ်ခန်းများထဲသို့ အမြင့်တစ်မီတာရှိသော မိုးရေများဝင်ရောက် နေကြောင်း မိသားစုပိုင် ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

COVID-19 ကပ်ဘေးမှ ပြန်လည်နာလန်ထူကာစအခြေအနေတွင်ရှိနေသော တရုတ်တောင်ပိုင်းဒေသ၏ ခရီးသွားကဏ္ဍသည် ပြင်းထန်သောရာသီဥတုဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုနှင့် ကြုံနေရသည်။

ရေကြီးရေလျှံမှုဖြစ်ပွားခြင်းကြောင့် စီးပွားရေးထိခိုက်ဆုံးရှုံးမှုသည် ယွမ်လေးဘီလျံကျော် (ဒေါ်လာသန်း ၅၅၀ ကျော်) ရှိသည်ဟု အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

ဒေသဆိုင်ရာ အရေးပေါ်တုံ့ပြန်ဆောင် ရွက်မှုဌာနများ၏ ထုတ်ပြန်ချက်များအရ ဟူနန်ပြည်နယ်တွင် မိုးရွာသွန်းမှုများကြောင့် ဖြစ်ပွားသော သဘာဝဘေးအန္တရာယ်များအတွင်း လူ ၁၃ ဦးထက်မနည်းသေဆုံးခဲ့ကာ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် လူရှစ်ဦး သေဆုံး သို့မဟုတ် ပျောက်ဆုံးနေကြောင်း ဆင်ဟွာက ဆိုသည်။

ဇွန်လ အစောပိုင်းတွင် စတင်ဖြစ်ပွားသော မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြစ်အစင်း ၁၁၀ တွင်ရှိသော ရေမျက်နှာပြင်သည် အန္တရာယ်ရှိအဆင့်သို့ မြင့်တက်လာခဲ့ကြောင်း ဆင်ဟွာက ထုတ်ပြန်ခဲ့သည်။ လာမည့်ရက်အနည်းငယ်အတွင်း တရုတ်တောင်ပိုင်းဒေသတစ်ဝန်း၌ မိုးသက်မုန်တိုင်းများ ထပ်မံကျရောက်နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းရသည်။

ယခင်နှစ်ကာလတူအတွင်း တစ်နိုင်ငံလုံး၌ ရွာသွန်းခဲ့သည့် မိုးရေချိန်ပမာဏထက်ပျမ်းမျှအားဖြင့် ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းနှင့်အတူ တရုတ်နိုင်ငံရှိ မြစ် ၁၄၈ စင်းတွင် ရေမျက်နှာပြင်အမြင့်မှာ အန္တရာယ်ရှိအဆင့် သို့ရောက်ရှိခဲ့ကြောင်း ရေအရင်းအမြစ်ဝန် ကြီးဌာန ဒုတိယဝန်ကြီး ရီကျန်းချန်က ပေကျင်းတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ဗဟိုချက်ဖြစ်သည့် ဟူပေပြည်နယ်တွင် ရေကြီးမှုမဖြစ်ပွားစေရန် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အထူးအလေးပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဟူပေပြည်နယ်တွင် မြစ်များ၊ ရေကန်များ ပေါများစွာရှိနေခြင်းကြောင့် ယင်းပြည်နယ်၌ ရေကြီးမှုထိန်းချုပ်ရေးဆောင်ရွက်ခြင်းသည် အလွန်ကြီးလေးသည့် တာဝန်တစ်ရပ်ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

နှစ်စဉ်လုပ်ဆောင်နေကျဖြစ်သော ရေကြီးမှု ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ချိန်နှင့် COVID-19 ကပ်ရောဂါဖြစ်ပွားချိန်တို့ တိုက်ဆိုင်ဖြစ်ပွားခြင်းကြောင့် ယခုနှစ်တွင်တွေ့ကြုံရမည့် စိန်ခေါ်မှုသည် ပိုမိုကြီးမားကြောင်း၊ မည်သို့ပင်ဖြစ်စေ ရေအရင်းအမြစ်ဝန်ကြီးဌာနအနေဖြင့် ဖေဖော်ဝါရီလကတည်းက ဟူပေပြည်နယ်၌ ရေကြီးမှုထိန်းချုပ်ရေးလုပ်ငန်းကို ဆောင်ရွက်ပေးထားခဲ့ကြောင်း ရီက ဆိုသည်။

Credit; Eleven Media Group

Leave a Reply

Your email address will not be published. Required fields are marked *