AAအဖွဲ့မှ လူနာများသယ်ရန် အရပ်သားများအား ဖမ်းဆီးနေ၍ ကျေးရွာသား ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်

ယနေ့ ၂၀၂၀ခုနှစ်၊ ဇွန်လ၊ ၁၅ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ အုန်းချောင်းအနီး AA အဖွဲ့ဝင်ရောက်တိုက်ခိုက်နေသောကြောင့် တိုက်ပွဲပြင်းထန်နေပြီး ၎င်းတို့မှလူနာများသယ်ရန် အရပ်သားများအား ဖမ်းဆီးနေ၍ ကျေးရွာသား ထောင်နှင့်ချီထွက်ပြေး တိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရှိရသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နှင့် ၁၃ မိုင်ခန့်ကွာဝေးသောအုန်းချောင်းကျေးရွာတောင်ဖက်၊ သမီးလှကျေးရွာ AA အကြမ်းဖက်သောင်းကျန်းသူများမှ ရွာသားယောင်ဆောင်ကာ ဝင်ရောက်နေထိုင် လျှက်ရှိပြီး ရွာအနီးတွင် သွားလာလှုပ်ရှားနေသော တပ်မတော်စစ်ကြောင်းများအား ဇွန်လ ၁၄ ရက်နေ့မှ စတင်တိုက်ခိုက်နေသောကြောင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျှက်ရှိသည်။ ထိုသို့တိုက်ပွဲများ ဖြစ်ပွားနေခြင်း ကြောင့် AA ဘက်မှ ဒဏ်ရာရ၊ သေဆုံးများကာ လူနာများအား သယ်ရန်နှင့် လူအင်အားဖြည့်တင်းရန် အတွက် ကျေးရွာသားများအား အတင်အဓမ္မဖမ်းဆီးနေသောကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံထောင်ချီ၍ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများနှင့်လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

ရသေ့တောင်မြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “တိုက်ပွဲဖြစ်တာ ကတော့ မနေ့ ညနေ ၄ နာရီလောက်ကဖြစ်တယ်။ ညနေ ၅ နာရီကျော်ကျော် လောက်မှာ နှစ်ဖက် ပစ်ခတ်မှုတွေရပ်သွားတယ်။ နှစ်ဖက်စလုံးက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိတယ်။ ပစ်ခတ်မှုတွေက မနေ့ ည ၇ နာရီလောက်အထိရှိနေတယ်၊ အခုရွာသားတွေကို AA ဘက်က သူတို့ထဲ မဝင်မနေရလုပ်နေတာရယ်၊ ရွာထဲကနေမထွက်ဘဲ ရွာထဲမှာ တိုက်ပွဲဖြစ်အောင် ဖန်တီးတွေတာရယ်ကြောင့် ရွာသားတွေ အားလုံးထွက်ပြေးနေကြပြီ”ဟု ပြောသည်။

ထိုသို့ AA အဖွဲ့မှ ဒေသခံများအားဖမ်းဆီးခြင်းကြောင့် ရသေ့တောင်မြို့နယ်၊ အုပ်ချောင်းကျေးရွာ၊ သမီးလှကျေးရွာသစ်၊ သမီးလှကျေးရွာဟောင်း၊ ကုန်တန်း၊ အိုးဖောက်၊ ဈီးခေါင်း၊ မညှင်းတောင်၊ သပြေဆိပ်၊ ဇေယျာမြိုင် ကျေးရွာများမှ ဒေသခံထောင်ချီ၍ ဘူးသီးတောင်မြို့နယ် သေကံကျေးရွာနှင့် ခွဆုံကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

အုန်းချောင်းကျေးရွာသားတစ်ဦးက”ရွာနားကို တပ်မတော်စစ်ကြောင်းရောက်နေတာ တစ်ပတ် လောက်ရှိပြီ။ မနေ့ကစပြီးတော့ ရွာမှာရောက်နေတဲ့ AA ကအဖွဲ့တွေ ထွက်တိုက်တာကနေ တိုက်ပွဲဖြစ်ကြ တယ်။ ထိခိုက် ဒဏ် ရာရတာတော့မရှိဘူး။ ကျနော်တို့ရွာအပါအဝင် ကျေးရွာတော်တော်များများ တိုက်ပွဲဖြစ်လို့ အကုန်ထွက်ပြေးကြတယ်” ဟုပြောသည်။

တိုက်ပွဲကြောင့် လက်ရှိအချိန်တွင် အရပ်သားများထိခိုက်ဒဏ်ရာရရှိသည်ဆိုသော သတင်းများ မကြားရသေးကြောင်း ဒေသခံများထံမှ သိရသည်။

May Yu Htar Nay News

Leave a Reply

Your email address will not be published. Required fields are marked *