တိုက်ပွဲများကြောင့် ရိက္ခာပြတ်၍ အမ်းမြို့နယ်မှ ရွာသား ၄၀၀ ကျော် နေရပ်စွန့်ခွာ

ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ မင်္ဂလာဒုံ ကျေးရွာမှ ဒေသခံ ၄၃၁ ဦးသည် တိုက်ပွဲများကြောင့် စားနပ်ရိက္ခာ ပြတ်လပ်လာ သဖြင့် နေရပ်စွန့်ခွာလာကြကြောင်း သတင်း ရရှိသည်။

စစ်ဘေးရှောင်အရေးကို ကူညီဆောင်ရွက်ပေးနေသော ချင်းတက္ကသိုလ် ကျောင်းသားများ အဖွဲ့(CUSR) မှ ဥက္ကဋ္ဌ ဆလိုင်း ထွန်းလှကျော်က “ဇွန်လ ၁၃ ရက်က တိုက်ပွဲတွေ ဖြစ်တယ်။ နောက် တပ်မတော်က ပိတ်ဆို့ရေးတွေ လုပ်တော့ စားနပ် ရိက္ခာ အခက်အခဲ ရှိတယ်။ အခု ဒါးလက် အုပ်စုထဲက မြသိန်းတန် ဘုန်းကြီးကျောင်းမှာ နေတယ်။ တပ်မတော်က ဖြတ် ၄ ဖြတ်လုပ်တော့ စားနပ်ရိက္ခာ လုံးဝပြတ်သွား တော့ သူတို့ နေရပ်ကို စွန့်ခွာသွားကြတာပါ” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့၏ တိုက်ပွဲများကြောင့် ရေလမ်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ပိတ်ထားခဲ့ပြီး ကုန်းလမ်းကို ၂၀၂၀ ဖေဖော်ဝါရီလတွင် ထပ်မံ ပိတ်လိုက်ခြင်းကြောင့် အမ်းမြို့နယ်ရှိ ဒါးလက်အုပ်စု တခုလုံး စားနပ်ရိက္ခာများ ပြတ်လပ်သွားခြင်း ဖြစ်သည်ဟု ဒါးလက်အုပ်စုမှ ဒေသခံ ဒေါ်နီနီဝင်းက ဆိုသည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်အုပ်စုရှိ မင်္ဂလာဒုံကျေးရွာတွင် ချင်းတိုင်းရင်းသားများ နေထိုင်သည့် ချင်းရွာများဖြစ်ပြီး အိမ်ခြေ ၁၁၂ အိမ် ရှိကာ လူဦးရေအားဖြင့် ၆၅၀ ကျော်သာ ရှိသည်။

မင်္ဂလာဒုံ ကျေးရွာမှ စစ်ဘေးရှောင်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ- CUSR/Facebook)

ထွက်ပြေးလာသည့် ရွာသား ၄၃၁ ဦးတွင် ကလေးနှင့် သက်ကြီးရွယ်အို အများဆုံး ပါဝင်ပြီး ကျန်သူများက ရွာစောင့်ရန် ကျန်ရစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရွာသားများသည် ဒါးလက်အုပ်စုရှိ မင်္ဂလာဒုံ ကျေးရွာနှင့် မိုင် ၃၀ သာ ဝေးသည့် မြသိန်းတန် ဘုန်းကြီးကျောင်းသို့ ထွက်ပြေးလာပြီး ၎င်းတို့ကို ကျောင်းထိုင် ဘုန်းကြီးက အလှူခံ ကျွေးမွေး စောင့်ရှောက်ထားကြောင်း သိရသည်။

ကုန်းလမ်း၊ ရေလမ်း ပိတ်လိုက်သည့်အတွက် ဒါးလက် အုပ်စုတွင် ပုံမှန် ဆန် ၁ အိတ်ကျပ်၂ သောင်းတန်ကို ၃ သောင်းခွဲ ပေးဝယ် နေရသလို ဓာတ်ဆီမှာလည်း ၁ ဂါလံ ၅ ထောင်မှ ၈ ထောင်အထိ တက်သွားသည်ဟု ဒါးလက်အုပ်စု ဒေသခံ ဦးသိန်းမောင်က ဆိုသည်။

မင်္ဂလာဒုံ ကျေးရွာမှ ထွက်ပြေးလာသူ ဦးမောင်မောင်က “လက်နက်ကြီး ပစ်သံတွေက ခဏခဏ ကြားနေရတော့ စိုက်ခင်း တောင် မသွားရဲဘူး။ ကျည်တွေ ကျလာတယ်လေ။ ပြေးစရာလမ်းက ပိတ်၊ စားစရာက မရှိနဲ့။ အဲဒီတော့ ဒီဘုန်းကြီး ကျောင်းပဲ ထွက်ပြေးလာရတာပေါ့။ ရွာမှာရှိတဲ့ ပိုက်ဆံရှိသူ တချို့ကတော့ အမ်းမြို့ပေါ်နဲ့ ရန်ကုန်ကို ထွက်ပြေးကုန်ကြပြီ။ ဒီမှာက နေစားနေရေးပူရတဲ့အပြင် လူလည်း သွားရတာ မလွတ်လပ်ဘူး။ အဓိကကတော့ ဆန်ရှိဖို့လေ။ လမ်းတွေ ဖွင့်ပေး၊ တပ်တွေ ဖယ်ပေးမယ် ဆိုရင်တော့ အဆင်ပြေမှာပေါ့။ အဲဒါပဲ လိုချင်တယ်” ဟု ပြောသည်။

အလားတူ မင်္ဂလာဒုံကျေးရွာမှ ဒေါ်မေသန်းကလည်း “အဓိကက စစ်ကိုကြောက်လို့။ စားဖို့က လမ်းတွေ ပိတ်လိုက်တော့ ဆန်တွေ၊ စားသောက်စရာတွေက ဘာမှ မရှိတော့ဘူး။ မနေ့က ဆန် အခက်အခဲရှိတော့ တောထဲကရတဲ့ ဌက်ပျောအူ တွေ၊ ပိန္နဲသီးတွေ စားပြီး နေရတယ်။ အလှူရှင်တွေတော့ ရှိတယ်။ ဆန်မှ သယ်လို့မရတာ” ဟု ဆိုသည်။

မင်္ဂလာဒုံ ကျေးရွာမှ စစ်ဘေးရှောင်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ- CUSR/Facebook)

ဒါးလက်အုပ်စု အတွင်းသို့ ဝင်ရောက်နိုင်သည့် ကဇုကိုင်း တံတားထိပ်တွင် တပ်မတော်က တပ်စွဲထားပြီး ပိတ်ဆို့မှုများ ပြု လုပ်ထားသလို ရှမ်းကုန်းကျေးရွာ အတွင်းတွင်လည်း တပ်မတော်သားများ စောင့်ကြပ်သွားလာမှု ရှိသည့်အတွက် ဒေသခံ များ မသွားလာရဲပါဟု ရှမ်းကုန်း ဒေသခံ တဦးထံက သိရသည်။

ဆလိုင်း ထွန်းလှကျော်က “AA က ဒါးလက်ချောင်း အပေါ်ဘက်မှာ တပ်စွဲထားတယ်။ တပ်မတော်က ဒါးလက်ချောင်း အောက် ပိုင်းမှာ တပ်စွဲထားတော့ ရွာသားတွေက ကြားမှာ ဒုက္ခရောက်ရတယ်။ အခုက အလှူရှင်တွေ ရှိပေမယ့် ဆန်သယ်လို့ မရ တော့ ရှိတဲ့သူကလည်း မရောင်းဘူး။ ဒီလို ထပ်ကြာရင် ဒုက္ခအကြီးအကျယ် ရောက်မယ်” ဟု ပြောသည်။

နေရပ်စွန့်ခွာ ထွက်ပြေးလာသူများက တပ်မတော် အနေဖြင့် ပိတ်ထားသည့်လမ်းများ ပြန်ဖွင့်ပေးရန်နှင့် ရိက္ခာ သယ်ယူရန် ခွင့်ပြုပေးဖို့ ဆန္ဒရှိနေကြသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲ ဖြစ်ပွားမှုများကြောင့် စစ်ဘေးရှောင်နေကြရသည့် ပြည်သူများထက် စစ်ဘေးသင့် လူဦးရေက ပိုမို များပြားပြီး အမ်းမြို့တွင် ချင်း စစ်ဘေးရှောင်၂ ထောင်နီးပါး ရှိကြောင်း CUSR က ဆိုသည်။

အမ်းမြို့နယ်ရှိ ဒါးလက်အုပ်စုတွင် မင်္ဂလာဒုံကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၄၇ ရွာရှိသည့်အနက် ၇ ရွာက ရခိုင်လူမျိုး များ နေထိုင်သည့် ရွာများဖြစ်ပြီး ကျန်သည့် ရွာပေါင်း ၄၀ မှာ ချင်းလူမျိုးများ နေထိုင်သည့် ရွာများဖြစ်ကာ လူဦးရေ စုစု ပေါင်း ၁ သောင်း ၃ ထောင်ကျော် ရှိသည်ဟု ဒါးလက်အုပ်စု အုပ်ချုပ်ရေးမှူးထံက သိရသည်။

Credit; irrawaddy

Leave a Reply

Your email address will not be published. Required fields are marked *